Friday, July 10, 2009

ချစ်သမီးငယ် (၁)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ဒီတပတ်ကစပြီး စာအုပ်သစ် တအုပ်ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ရတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာရဲ့ သမီး ဇိုရာဖန်း ရေးသားထားတဲ့ သူ့ရဲ့ဘဝ မှတ်တမ်း "ချစ်သမီးငယ်" ဆိုတဲ့ စာအုပ်ကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဖဒိုမန်းရှာ ဖေဖေါ်ဝါရီလ ၁၄ ရက်၊ ၂ဝဝ၈ ခုနှစ်မှာ လုပ်ကြံခံလိုက်ရ တဲ့ကိစ္စကို သောတရှင်များ အမှတ်တရ ရှိနေကြလိမ့်ဦးမယ် ယူဆပါတယ်။ ဒီလုပ်ကြံမှုအပြီး တနှစ်အကြာမှာတော့ သူရဲ့သမီးဖြစ်သူ ဇိုရာဖန်းက အင်္ဂလိပ် ဘာသာနဲ့ သူ့ရဲ့ဖြတ်သန်းခဲ့ရတဲ့ ဘဝမှတ်တမ်းစာအုပ်ကို ရေးသားလို့ အင်္ဂလန်နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဇိုရာဖန်းရေးသားတဲ့ ချစ်သမီးငယ်၊ မြန်မာနိုင်ငံနဲ့ အနောက်ကမ္ဘာမှာ ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ရပုံဘဝမှတ်တမ်း ဆိုတဲ့စာအုပ် ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်ကို ဇိုရာဖန်းနဲ့အတူ ဒါမီးယန်း လူးဝစ် (Damien Lewis) ဆိုသူက ပူးတွဲရေးသားထားပါတယ်။

ဒီစာအုပ်ရေးသူအကြောင်း စလို့ မိတ်ဆက်ပေးရမယ်ဆိုရင်၊ ဒီစာအုပ်ထုတ်ဝေတဲ့အချိန် (၂ဝဝ၉) ခုနှစ်မှာ ဇိုရာဖန်းက အသက် ၂၉ နှစ်လို့ ဖော်ပြထားပါတယ်။ "မာနယ်ပလော" လို့ခေါ်တဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ဌာနချုပ် တောတွင်း စခန်းမှာ မွေးဖွားခဲ့ပြီး၊ အခုအချိန်မှာတော့ အင်္ဂလန်နိုင်ငံမှာ မြန်မာနိုင်ငံအရေး စည်းရုံးလှုပ် ရှားနေတဲ့ (Burma Campaign UK) အဖွဲ့မှာ ဆက် လက် လှုပ်ရှားဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။ သောတရှင်တွေအနေနဲ့လည်း ရေဒီယိုတွေမှာ မကြာခဏဆိုသလို သူနဲ့တွေ့ဆုံမေးမြန်း အင်တာဗျူးတာတွေ ကို ကြားရနိုင်ပါတယ်။

ဒီစာအုပ်ထွက်လာတယ် ကြားတော့ ကျနော်စိတ်ဝင်စားမိတဲ့ အကြောင်း (၂) ခုရှိပါတယ်။ ပထမအကြောင်း ကတော့ ပုဂ္ဂိုလ်ရေးလို့ပဲ ဆိုပါရစေ။ ကျနော်က ဖဒိုမန်းရှာနဲ့ လူချင်းသိရှိ ရင်းနှီးသူဖြစ်ပြီး၊ သူ့အကြောင်းကို သမီးဖြစ်သူက ဘယ်လို ရေးထားသလဲ ဆိုတာကို သိချင်တာလည်း ပါပါတယ်။ နောက်တချက်ကတော့ နယ်စပ် ဒေသတွေမှာ အစည်းအဝေး တွေရှိခဲ့ရင် အဲသည်ကတည်းက ဇိုရာဖန်းကို လူချင်းမြင်ဖူးနေခဲ့တာလည်း ဖြစ်ပါတယ်။ နောက်တချက် ကတော့ သူက ကျနော်တို့နိုင်ငံရဲ့ ပဋိပက္ခတွေကို သူဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝ အမြင် နဲ့ ဘယ်လို ဖော်ကျူးထား သလဲဆိုတာကို သိလိုလို့ ဖြစ်ပါတယ်။ "ကလေးဘဝအမြင်" လို့ ဆိုတဲ့အခါမှာ စာရေးသူကို နှိမ်ချပြောဆိုလိုခြင်း၊ မရင့်ကျက်သေးဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ဇိုရာဖန်းက သူဖြတ်သန်း ခဲ့ရတဲ့ ကရင့်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်တွေအပေါ် အမြင်ရေးတဲ့အခါ ဖဒိုမန်းရှာနဲ့ ကွဲပြားနိုင်ပါတယ်။ သူဖြတ်သန်း မြင်တွေ့ခဲ့ရတာကို ရေးမှာ ဖြစ်ပါတယ်။ ဖဒိုမန်းရှာက အကယ်၍သာ ဒီလို ကိုယ်တွေ့ အတွေ့အကြုံတွေ စာအုပ်တအုပ်ရေးသားမယ်ဆိုရင် အတော် လည်း အငြင်းပွားစရာတွေ ရှိနေကောင်း ရှိနေနိုင် ပါတယ်။ အဖွဲ့အစည်းအတွင်း ပဋိပက္ခ၊ နိုင်ငံရေး အယူအဆ၊ သမိုင်း အပေါ် ရှုမြင်ပုံ စသဖြင့် အမြင်မတူတာတွေလည်း ရှိလာကောင်း ရှိလာနိုင်ပါတယ်။

တခါက ကျနော် ရုတ်ရှင် ဇာတ်လမ်းတပုဒ်အကြောင်း ကြားခဲ့ရဖူးပါတယ်။ ဒီရုပ်ရှင်ကိုတော့ မကြည့်ဖူးပါဘူး။ ရုရှားရုပ်ရှင် ဇာတ်လမ်းတခုဖြစ်ပြီး ဒုတိယကမBာစစ်ကြီးကို ကလေးတယောက်က ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အမြင်ဖက်က ရိုက်ပြ ထား တာလို့ ဆိုပါတယ်။ အဲသည်အကြောင်းကို ကြားတဲ့အခါ ကျနော်လည်း စိတ်ကူးယဉ် ကြည့်မိပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း စစ်အကြောင်းကိုလည်း စစ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ (အိုင်ဒီပီ) လို့ခေါ်တဲ့ ပြည်တွင်းဒုက္ခသည် ကလေးတယောက်အမြင်နဲ့ ရိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လေမလဲလို့ စိတ်ကူးယဉ်ကြည့်ဖူးတာပါ။ ဘာကြောင့် စစ်တွေဖြစ် နေရမှန်းမသိ၊ ဘယ်လို နိုင်ငံရေးအယူအဆတွေ ပြင်းထန် ကြပြီး ရန်ဖက်ပြိုင်နေကြတာမှန်းမသိ၊ ကလေးငယ် တဦး အဖို့ကတော့ တပြေးထဲ ပြေးနေရ။ ထမင်းငတ်ရ၊ လူတွေ သေကြတာ၊ အိုးအိမ်တွေပျက်စီးတာကို မြင်ရ၊ စစ်ရဲ့အနိဌာရုံ တွေကို ကြောက်မက်ဖွယ်ကြုံရတဲ့ အခြေ အနေကို စဉ်းစားကြည့်မိတာပါ။ အခု ဇိုရာဖန်းရဲ့ ချစ်သမီးငယ် စာအုပ်ထွက်လာ တဲ့အခါမှာလည်း ဒီလိုစိတ်ကူး နဲ့တူလေ မလားလို့ ထင်မြင်မိတာပါ။ တော်လှန်ရေးသမား မိဘနှစ်ဦးက မွေးလာရတော့ တောထဲကြီးပြင်း လာခဲ့ရတဲ့သူပါ။ သူက ဒီလို စစ်တွေ၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဆန္ဒအလျောက်ပါဝင်လာခဲ့ရတဲ့သူ မဟုတ်ပါဘူး။

ဒီစာအုပ်ကို ကျနော်ဖတ်ကြည့်ရတဲ့အခါ တွေ့ရတဲ့ထူးခြားချက်ကတော့ ရိုးဂုဏ် ပါပဲ။ သူဖြတ်သန်းခဲ့ရာ ကလေး ဘဝ၊ မိသားစုဘဝကို ရိုးရိုးသားသား တင်ပြထားတာကို တွေ့ရပါတယ်။ သမိုင်းကိစ္စတွေမှာတော့ သိပ်လေး လေးနက်နက် ဆွေးနွေးထားတာမျိုး မရှိပေမယ့် လိုအပ်သလို သမိုင်းကိစ္စ၊ ကရင်ဓလေ့ထုံးစံ ရိုးရာတွေကိုလည်း လှလှပပ ထည့်သွင်း ဖော်ပြတာကို တွေ့ရပါတယ်။ ဒီစာအုပ်ထုတ်ဝေပြီးတဲ့အချိန်မှာ နာမည်ကြီးသတင်းစာတွေ ဖြစ်တဲ့ ဖိုင်နန်ရှယ် တိုင်း (မ်စ်)၊ ဒေးလီ တယ်လီဂရပ်၊ ဖော်ရိန်း ပေါ်လစီ ဂျာနယ်တွေကလည်း စာအုပ်ဝေဖန် ချက် အဖြစ် စိတ်ဝင်တစားဖော်ပြတာကို တွေ့ရပါတယ်။ သူတို့က အကောင်းရေးသားဖော်ပြကြပါတယ်။ ဖောရိန်း ပေါ်လစီဂျာနယ်မှာ ဒေးဗစ် ကယ်လေးဂျာ (David Calleja) က ဇိုရာဖန်းက တိုက်ပွဲဝင်ဖို့ ဘဝမှာ မွေးလာတဲ့ သူလို့ ဖော်ပြခဲ့ပြီး၊ စာအုပ်ကို စိတ်ဝင်စားဖွယ် သယ်ဆောင်သွားပုံ ကို ချီးကျူးထားပါတယ်။ ဒီစာအုပ် က စစ်အကြောင်း၊ ပဋိပက္ခအကြောင်းရေးသားထားတာ ဖြစ်ပေမယ့် လောင်အန်းရဲ့ စာအုပ် (Loung Ung's First They killed My Father.) ကျမ အဖေကို သူတို့က ပထမဦးဆုံးသတ်ပစ်လိုက်တယ်ဆိုတဲ့ စာအုပ်လို ကြောက်ရွံ့စက်ဆုပ်ဖွယ် ဝိဘစ္ဆရသ မတွေ့ရလေဘူးလို့ ရေးသားခဲ့ပါတယ်။ လောင်အန်းရဲ့ စာအုပ်ကတော့ ပိုပေါ့ ခမာနီ အုပ်ချုပ်ရေးကာလ ကမ်ဘောဒီးယားနိုင်ငံ ပြည်တွင်းစစ်နောက်ခံ အကြောင်းပါ။ ဒါပေမယ့် ဇိုရာ ကတော့ ကလေး တယောက်ရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုမှာ ပြည်တွင်းစစ်ကြောင့် ကြုံရတဲ့ အခက်အခဲတွေကြားက ရုန်းကန်ရပုံ ကို ထင်ရှားစွာ ဖော်ပြထားနိုင်တယ်လို့တော့ ဆိုခဲ့ပါတယ်။

ဖိုင်နန်ရှယ် တိုင်း (မ်စ်) သတင်းစာမှာ ဂျပ်စ်တင် ဝင်းတဲလ် (Justin Wintle) ဆိုသူကတော့ မျိုးချစ်နိုင်ငံရေး လှုပ်ရှားသူ တဦးရဲ့ အကြောင်းပါပဲ၊ ဒါပေမယ့် စိတ်ဝင်စားစရာ လျှော့မသွားပါဘူးလို့ ဆိုခဲ့ပါတယ်။ စာရေးသူ ရဲ့ဖခင် ဖဒိုမန်းရှာနဲ့ သူ့ အမေရွေးချယ်ခဲ့တဲ့လမ်းကတော့ ဂန္ဒီကြီးလို အကြမ်းမဖက် လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ရွေးချယ်တဲ့ လှုပ်ရှားမှု နဲ့တော့ ကွဲလွဲတယ်ဆိုတာ ထောက်ပြပါတယ်။ သူကတော့ ဒီစာအုပ်မှာ စာရေး သူ ဇိုရာဖန်းက အကြိမ်ကြိမ် နိုင်ငံတကာ မိသားစုက သူ့လူထုတွေကို ကယ်တယ်ပေးဖို့ ပျက်ကွက်တာကို အပြစ် ဆိုထားပါ တယ်တဲ့။ ဒါပေမယ့် နိုင်ငံတကာက ဘယ်လိုဆောင်ရွက်စေချင်တာလဲ၊ စီးပွားရေး ပိတ်ဆို့မှု တွေက လည်း လိုချင်တဲ့ရလဒ် ဖြစ်မလာဘူး။ လက်နက်နဲ့ ဝင်ရောက်စွက်ဖက်ရင်လည်း ဗီယက်နမ်စစ်မြေပြင်လို ဖြစ်လာတာမျိုး လိုချင်ပါသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီစာအုပ်ကတော့ ဖတ်ရတာ ညီးငွေ့စရာ မကောင်းလှပါဘူး။ စာရေးသူရဲ့ ပွင့်လင်းတဲ့ ခင်မင်ဖွယ်ဟန်ကိုလည်း မြင်ရပါလိမ့် မယ်။ အခန်း ၃၁ ခန်းခွဲလို့ ရေးသားထားပါတယ်။ နောက်တပတ်မှာတော့ ဇိုရာရဲ့ ငယ်စဉ်ဘဝ အမှတ်ရစရာ အဖြစ်အပျက် တွေကို ဆက်လို့ တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Read More...

Monday, July 6, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၁ဝ) (နောက်ဆုံးပိုင်း)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများအတွက် စာ လက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော်က စီးပွားရေးနယ်ပယ်ထဲမှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ အကြောင်းကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
မြန်မာ့တပ်မတော်က ဒီကနေ့ကာလစီးပွားရေးလုပ်ငန်းနယ်ပယ်ထဲမှာ အတော် နက်နက် ရှိုင်းရှိုင်း ပတ်သက်နေတာ လူအများ သိထားကြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းအတော်များများကို လက်ဝါးကြီးအုပ် ထားသလို၊ မြန်မာနိုင်ငံ စီးပွားရေးတခုလုံး ပျက်စီးစေရ လောက်အောင် ကင်ဆာလို ဖြစ်နေစေ တာလည်း တွေ့ရပါလိမ့် မယ်။ ဒါပေမယ့် မောင်အောင်မျိုးစာအုပ်ထဲမှာ ဖတ်ရတာကတော့ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက် ၁၉၅ဝ ခုနှစ်များ ကတည်းက စစ်တပ်က စီးပွားရေး ကဏ္ဍမှာ ပါဝင်ပတ်သက်နေခဲ့တယ်လို့ သိရပါတယ်။ (ဒီအက်စ်အိုင်) လို့ ခေါ်တဲ့ (Defense Services Institute) ကို ၁၉၅ဝ ခုနှစ်များ အစောပိုင်းမှာ တည်ထောင်ခဲ့ပါတယ်။ ဈေးနှုန်းကြီးမြင့်တဲ့ လူသုံးကုန် တွေကို တပ်မတော် သားမိသားစုတွေကို ဖူလုံစေရေး အတွက် ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းက နောက်ပိုင်းမှာ ကော်ပိုရေးရှင်းကြီးလို ချဲ့ထွင်လာပြီး၊ လုပ်ငန်းနယ်ပယ် အတော်များများမှာ ပါဝင်လာခဲ့တာ၊ ၁၉၅ဝ ခုနှစ်များ နှောင်းပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အကြီးဆုံး ကုမ္ပဏီတခု ဖြစ်လာပါ တော့ တယ်။ ၁၉၅ဝ ခုနှစ်မှာ ပြဌာန်းတဲ့ အထူးကုမ္ပဏီဥပဒေအရ မျက်နှာသာပေးမှုတွေကြောင့်လည်း လုပ်ငန်းတွေ ဒီလောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ သင်္ဘောရေကြောင်း၊ လက္ကားလုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေသာမက ပုံနှိပ်ဖြန့်ချိရေး ကဏ္ဍတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၆ဝ ခုနှစ်များမှာတော့ ဒီအက်စ်အိုင်အောက်က လုပ်ငန်း အတော် များများကို စစ်တပ်ပိုင် (ဘီအီးဒီစီ) (BEDC) လို့ခေါ်တဲ့ မြန်မာ့ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း အောက်ကို ပြောင်းရွှေ့ထည့်သွင်းခဲ့ပါတယ်။ ဒီလုပ်ငန်း တွေက ရလာတဲ့ ဝင်ငွေတွေကို တပ်မတော်သား မိသားစုတွေရဲ့ သက်သာ ချောင်ချိရေးကိစ္စတွေ အတွက် သုံးစွဲခဲ့ရုံမက၊ စစ်တပ်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို ဝါဒ ဖြန့်ချိရေးကိစ္စ တွေမှာ လည်း အသုံးချခဲ့ကြပါတယ်။ ဥပမာဖော်ပြရရင် မြဝတီ၊ ငွေတာရီ မဂ္ဂဇင်းတွေ၊ ဂါဒီယန်း သတင်းစာ၊ ဂါဒီယန်းမဂ္ဂဇင်း စတာတွေလည်း ထုတ်ဝေလို့ စစ်တပ်က သူတို့နိုင်ငံရေးသြဇာလွှမ်းနိုင်ဖို့ လုပ် ဆောင်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိက ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းတွေကို အာဏာ သိမ်း တဲ့အခါမှာ (ဘီအီးဒီစီ) အောက်က စီးပွားရေးလုပ်ငန်းတွေကိုပါ အာဏာသိမ်းခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာ လမှာ ပြည်သူပိုင် သိမ်းတဲ့အခါ ဘီအီးဒီစီနဲ့ ဒီအက်စ်အိုင် အောက်က လုပ်ငန်း (၄၇) ကို ပြည်သူ ပိုင် သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ သွားတဲ့အခါ နိုင်ငံတော်အစိုးရ မှာသာ စီးပွားရေးလုပ်ပိုင်ခွင့် ရှိပါတော့တယ်။ အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ စစ်တပ်က စီးပွားရေးကဏ္ဍမှာ ဝင်ရောက် ဆောင်ရွက်ခွင့်ကို မရှိသလောက် ဆိုသလို နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒေသအလိုက် တပ်ရင်း ရန်ပုံငွေအတွက် အသေးစားလုပ်ငန်းတွေ၊ ဆိုင်တွေ၊ ဗီဒီယိုရုံတွေ ဖွင့်တာလောက်တော့ လုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ်၊ စစ်တပ်က နိုင်ငံတော်အာဏာ အရပ်ရပ်ကို ချုပ်ကိုင်ပြီးခဲ့တဲ့ နောက်မှာတော့ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားအတွက် လုပ်ငန်းတွေကို အကျယ် အပြန့် ပြန်လည် ဆောင်ရွက်လာပါတော့တယ်။

၁၉၉ဝ ခုနှစ် နောက်ပိုင်းမှာ မြန်မာဗိုလ်ချုပ်ကြီးတွေက တပ်မတော်ကို နည်းလမ်း (၄) သွယ်နဲ့ တည်ဆောက်မယ် ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ကြပါတယ်။ လေ့ကျင့်မှု၊ အုပ်ချုပ်စီမံခန့်ခွဲရေး၊ သက်သာချောင်ချိရေးနဲ့ စိတ်ဓါတ် ရေးရာ တည်ဆောက်မှုတွေပဲ ဖြစ်ပါတယ်။ အခု စီးပွားရေးလုပ်ငန်းတွေက တပ်မတော်သားတွေရဲ့ သက်သာ ချောင်ချိရေး အတွက်လို့ အကြောင်းပြပါတယ်။ အဲဒီနောက်ပိုင်းမှာ တပ်ရင်းတွေအလိုက် ရန်ပုံငွေ အတွက် စီးပွားရေးလုပ်ငန်းတွေ ခွင့်ပြုခဲ့သလို၊ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ စစ်တပ်က ကျောထောက်နောက်ခံပေး ထားတဲ့ လုပ်ငန်းတွေ အပြိုင်းပြိုင်း ပေါ်ပေါက်လာပါတော့တယ်။

အကြီးဆုံးလုပ်ငန်းကတော့ ဦးပိုင်လို့ အများသိနေကြတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပါ။ ၁၉၅ဝ ခုနှစ်၊ အထူး ကုမ္ပဏီဥပဒေအရ သူက အပြည့်အဝပိုင်တဲ့ လုပ်ငန်းတွေအတွက်၊ လက်ခွဲလုပ်ငန်းတွေအတွက် အခွန် ကင်းလွတ် ခွင့် ရပါတယ်။ သူနဲ့ ပူးပေါင်းလုပ်သူတွေက အခွန်ပေးကြရပါတယ်။ အဲဒါအပြင် ၂ဝဝ၇ ခုနှစ်မှာ မတည်ရင်းနှီးငွေ ကျပ်သန်း ၄၀,၀၀၀ ကို ဥပဒေနဲ့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော် စစ်လက်နက် ပစ္စည်း စုဆောင်းရေး ညွှန်ကြားရေးမှူးရုံးက ကျပ်သန်း ၈ဝဝ ကျော်နဲ့ သန်း ၃ဝဝ ကို ရင်းနှီးငွေအဖြစ် ထည့်ဝင် ပေးခဲ့ပါတယ်။ အဲဒါ အပြင် လက်ရှိ စစ်ဝန်ထမ်းတွေ၊ စစ်ပြန်မှုထမ်းဟောင်းတွေရဲ့ ရင်းနှီးငွေအဖြစ်လည်း ငွေ အမြောက်အများ ထည့်ဝင်မြှုပ်နှံစေခဲ့ပါတယ်။ ဒီဦးပိုင် ကုမ္ပဏီကို ယခင်က စစ်ရေးချုပ်ရုံးအောက်မှာ ထားခဲ့ ပေမယ့်၊ အခုအခါ မှာတော့ ကာကွယ်ရေးစက်ပစ္စည်း စက်ရုံအောက်မှာ ထားခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ အဆန်း ပိုင်းမှာတော့ ဦးပိုင် အောက်မှာ ကျောက်မြက်တူးဖော်ရေး၊ ကားလိုင်းတွေကနေ ဟော်တယ်လုပ်ငန်း၊ ဘီယာ စက်ရုံ၊ စီးကရက် စက်ရုံတွေ အထိ ကဏ္ဍပေါင်းစုံမှာ ကုမ္ပဏီ၊ လုပ်ငန်း ၇၇ ခု ရှိနေပြီ ဆိုပါတယ်။ အမြတ်အစွန်း အနေနဲ့လည်း ၁၉၉ဝ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အကြားမှာ ကျပ်သန်း ၅၅,၀၀၀ ကျော် ရခဲ့တယ်လို့ မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။ အဲဒါအပြင် နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ငန်းတွေမှာလည်း လက်ဝါးကြီးအုပ် လုပ်ခွင့်ရခဲ့ပါတယ်။

နောက်တခုကတော့ (အမ်အီးစီ) (MEC) လို့ခေါ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပါ။ စစ်တပ်က တိုက်ရိုက် ဦးစီး လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး၊ လျှို့လျှို့ဝှက်ဝှက်လည်း နိုင်လှတဲ့ ကုမ္ပဏီပါ။ ၁၉၈၉ ခုနှစ်၊ မတ်လမှာ နိုင်ငံတော် ပိုင် စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေကို ပြဌာန်းခဲ့ပြီး အဲသည်အရ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ ကသာ သီးသန့် လုပ်ပိုင်ခွင့်ရှိတဲ့၊ လက်ဝါးကြီးအုပ် ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကို ဒီကုမ္ပဏီက လုပ်ပိုင်ခွင့် ရပါတယ်။ တယ်လီဖုန်း၊ သစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အမိန့်ကြေညာ ချက် အမှတ် ၄/၉၇ အရ ဖွဲ့ထားတဲ့ ဒီကုမ္ပဏီက တပ်မတော် အသုံးစရိတ်တွေ နိုင်ငံတော်က ကုန်ကျခံရတာ တဖက်တလမ်းက အထောက်အကူ ဖြစ်စေဖို့ ဖွဲ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ သူ့ကိုတော့ စစ်ထောက်ချုပ်ရုံး အောက်မှာ ထားပါတယ်။ သူက တပ်မတော်ရဲ့ နည်းပညာနဲ့ စစ်ဖက်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ရည်ရွယ်ထားတာလို့ ဆိုရင်လည်း ရနိုင်ပါတယ်။ အင်းဝဘဏ် လိုမျိုး ဘဏ္ဍာရေးကဏ္ဍမှာ လုပ်ဆောင်နေသလို တာဆန်းဆည် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလိုမျိုး ကိစ္စမှာလည်း ပတ်သက်မှု ရှိနေပြန်ပါတယ်။

အဲဒါအပြင် စစ်တပ်က စီမံခန့်ခွဲနေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေလည်း ရှိနေပါသေးတယ်။ စစ်ထောက်လှမ်း ရေးတွေ တန်ခိုးထွားနေစဉ်ကာလမှာလည်း သူတို့က စီးပွားရေးမှာ နေရာအများအပြား၊ နောက်တော့ စစ်ပြန် မှုထမ်းဟောင်းလိုမျိုး အဖွဲ့တွေအတွက် စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ လုပ်ငန်း အများအပြား လည်း ရှိနေပါသေးတယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေ အသီးသီးကိုလည်း စီးပွားရေးလုပ်ခွင့်တွေ ပေးထားပါသေး တယ်။

ဒီလို ကင်ဆာရောဂါလို၊ ရေဘဝဲ လက်ချောင်းတွေလို စီးပွားရေးတွေအောက်မှာ မြန်မာနိုင်ငံကတော့ အသက်ရှု ကျပ်လို့ မလူးမလွန့်သာ အသက်ငင်နေရပါပြီ။ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိလာမယ်လို့ စစ်တပ် က ပြောပါတယ်။ အခုတော့ တပ်မတော်အင်အားကြီးစေဖို့ အရင်းအမြစ်တွေအားလုံး စားသုံးနေလိုက် တာ၊ တပ်မတော်ကြီးထွားဖို့ တည်ဆောက်နေလိုက်တာ ဘယ်အခြေအနေ ဆိုက်နေပြီဆိုတာ ပြည်သူတွေက ကိုယ်တွေ့ ခံစားသိရှိနေရကြောင်း ပြောရင်း ဒီစာအုပ် သုံးသပ်ချက်ကို နိဂုံးချုပ်ပါရစေ။ နောက်တပတ်မှာတော့ စာအုပ်သစ် တအုပ်ကို ဆက်လက်တင်ပြ မိတ်ဆက်ဖို့ ရည်ရွယ်ထားကြောင်းပါခင်ဗျား။ အားလုံးငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Read More...

Friday, June 26, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၉)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေ များအတွက် စာ လက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော် ခေတ်မီရေးအတွက် (နအဖ) စစ်အစိုးရက လုပ်ဆောင် လာခဲ့တာ ဘယ်လောက်ထိရောက်ခဲ့သလဲ၊ ဘယ်လိုအကြောင်းကြောင့် ဒီလိုဆောင် ရွက်နေရတာလဲ။ တိုးတက်လာတဲ့ ကာကွယ်ရေး အသုံး စရိတ် ကိစ္စတွေအတွက် ဘယ်လိုဘဏ္ဍာ ဖြည့်တင်းနေသလဲ ဆိုတာတွေကို ဆက်လက် တင်ပြ ထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
အခုတလော သတင်းတွေမှာ မြန်မာစစ်အစိုးရနဲ့ အာဏာရှင်နိုင်ငံတခုဖြစ်တဲ့ မြောက်ကိုရီးယားတို့ ပိုလို့နီးကပ်စွာ ဆက်ဆံမှု တွေ ရှိလာကြောင်း သတင်းတွေဆက်တိုက်ဆိုသလို ကြားနေရသလို၊ နေပြည်တော်နဲ့ အနီးတဝိုက် ရှမ်းပြည်နယ်ထဲမှာ လည်း စစ်အစိုးရက ဥမင်လှိုင်ခေါင်းတွေတူးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြန်မာ့ တပ်မတော်မှာ ဘယ်လို ခြိမ်းခြောက်မှုအန္တရာယ်တွေ ကြုံတွေ့နေရသလဲ။ ဘယ်လို ပြည်ပရန် ကျူးကျော်လာမယ့်အရေးကို ရင်ဆိုင်နေရ သလဲဆိုတာ စိတ်ဝင်စားစရာပါ။

၁၉၈၈ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး အာဏာ ရယူလာတဲ့ စစ်အစိုးရအဖို့ ၁၉၈၈ လူထုအုံကြွမှုက သူတို့အပေါ် အများကြီး သြဇာ သက်ရောက်မှုရှိနေနိုင်ပါ တယ်။ အဲသည်အချိန်က အစိုးရရုံးတွေကို ဆန္ဒပြသူတွေက သိမ်းပိုက်ထားကြတာ ရှိခဲ့ သလို၊ အမေရိကန် ရေတပ်က အဲသည်ကာလမှာ မြန်မာရေပိုင်နက်ကို ကျူးကျော်ဝင်လာ ခဲ့တယ် ဆိုတာကိုလည်း စစ်အစိုးရက သတင်းစာ ရှင်းလင်းပွဲတွေမှာ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျန်တဲ့ မြန်မာပြည်သူတွေအတွက် ပြည်ပကျူး ကျော်မှုဆိုတာ မဖြစ်နိုင်ပါဘူးလို့ မယုံကြည်လောက်ပေမယ့်၊ စစ်အစိုးရ ထိပ်သီး ဗိုလ်ချုပ်ကြီးတွေအတွက်တော့ အမှန် တကယ် စိုးရိမ်မှု ရှိနေကောင်း ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ နိုင်ငံရဲ့မြို့တော်ကို ပင်လယ်ဆိပ်ကမ်း နဲ့ဝေးရာ ပျဉ်းမနား အနီး ကို ပြောင်းရွှေ့ ပစ်ခဲ့သလို၊ ရခိုင်ပြည် နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ပိုလို့ ကုန်းတွင်း ကျရာနေရာကို ပြောင်းရွှေ့စေ ခဲ့ ပါတယ်။ စစ်တပ်ရဲ့ စဉ်းစားပုံက ဌာနချုပ်လုပ်ထားတဲ့နေရာကို သိမ်းပိုက်လို့ မရမချင်း စစ်ပွဲမပြီးဆုံး သေးဘူးလို့ ယူဆ ထားတယ်လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ စစ်ဌာနချုပ်အသစ်လုပ်ထားတဲ့ နေရာကို ဒုံးပျံနဲ့ တိုက်ခိုက် တာဖြစ်ဖြစ်၊ ခေါင်းဖြတ်ပစ်လိုက်ဖို့ ကြိုးစားတဲ့ စစ်ဆင် မှုမျိုးနဲ့ ချက်ချင်းဇာတ်မသိမ်းရလေအောင် နေပြည်တော် ကို ရွှေ့ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ နိုင်ငံခြားတပ်တွေက ကမ်းတက်လာပြီးတော့ပဲဖြစ်ဖြစ်၊ ကယား ပြည်နယ်ဖက်က ကျူးကျော်လို့ပဲ ဖြစ်ဖြစ် ဝင်လာရင် မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းကို ဖြတ်ပစ်လို့ မဖြစ်နိုင်အောင် သူက အလယ်မှာဌာနချုပ် ထိုင်ထားတယ် ဆိုပါတယ်။ အချိန်နဲ့ နေရာကို အလဲအလှယ်လုပ်ပြီး ရေရှည်ပြည်သူ့စစ်ပွဲဆင်ဖို့ ရည်ရွယ်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် တဖက်မှာ ထိုးစစ်စွမ်းရည်မြှင့်နိုင်ဖို့ လက်နက်ကြီး၊ တင့်ကား၊ အခြား လက်နက်အမျိုးမျိုးဝယ်ယူ တပ်ဆင် ခဲ့သလို၊ တပ်အင်အားလည်း တိုးချဲ့ထားခဲါပါတယ်။ လေကြောင်းစိုးမိုးမှု ရစေဖို့လည်း တိုက်လေယာဉ် အသစ်တွေ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်၊ ထောက်လှမ်းရေးစနစ်၊ ရေဒါတွေ အလုံးအရင်းနဲ့ ဝယ်ယူ တပ်ဆင်ထားခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဝယ်ယူတပ်ဆင်ခဲ့တာ ဖြစ်သလို၊ နောက်ထပ်လည်း ဆက်လက်ပြီး လက်နက် အသစ် အဆန်းတွေ ရှာဖွေနေဆဲလို့ ဆိုပါတယ်။ ဆိုင်ဘာ စစ်ဆင်ရေးလို့ခေါ်တဲ့ အဆင့်မြင့် သတင်းဆက်သွယ်ရေး နည်းပညာ ဖက်ကိုလည်း အာရုံထား လုပ်ဆောင်နေတာတွေ ရှိပါသေးတယ်။ ခြေလျင်တပ်ရင်း ၅ဝ၄ ခုအပါအဝင် စစ်တပ် တပ်ဖွဲ့ပေါင်း ၁၃ဝဝ ကျော်ကိုလည်း နိုင်ငံရဲ့ နေရာ အနှံ့အပြားမှာ ဖြန့်ကျက်ချထားစေခဲ့ပါတယ်။ ဒီလို တိုးချဲ့နေတဲ့ အလားအလာကလည်း လာမယ့် အနာဂတ် ကာလမှာ လျော့သွားဖို့ မရှိဘူး။ ဆက်လက်တိုးချဲ့နေဖို့ တောင် ရှိတယ်လို့ မောင်အောင်မျိုးက သုံးသပ် ဖော်ပြထားပါတယ်။

ဒီလို စစ်ရေးကုန်ကျစားရိတ်တွေကို ဘယ်လိုဖြေရှင်းနေကြတာလဲ။ လက်နက် အသစ်အဆန်းတွေကို ဘယ်က ဘဏ္ဍာငွေနဲ့ ဝယ်ယူနေကြတာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ မြန်မာစစ်အစိုးရရဲ့ တရားဝင်ဖော်ပြထားတဲ့ စာရင်းဇယားတွေက တွက်ချက်ဖို့ဆိုတာလည်း အတော်ခက်လှပါတယ်။ တရားဝင်ဖော်ပြတဲ့ ကာကွယ်ရေး အသုံးစားရိတ်ကို လျော့ပေါ့ ဖော်ပြ ထားလေ့ရှိပါတယ်။ ဒုတိယအချက်ကတော့ အခြားဝန်ကြီး ဌာနတွေက ထောက်ပံ့ငွေ တွေကနေ စစ်တပ်ကို အကြီး အကျယ် ထောက်ပံ့နေတယ်လို့လည်း မောင်အောင်မျိုးက ဆိုပါ တယ်။ ဥပမာ- စွမ်းအင်ဝန်ကြီးဌာနကနေ ဈေးချိုချိုနဲ့ စစ်တပ်က လောင်စာဆီတွေ သုံးနိုင်ပါတယ်။ အလားတူ ပြည်သူ့စစ် တွေကို လေ့ကျင့်သင်တန်းပေးတဲ့ကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အခြားလူမှုဖူလုံရေး ကိစ္စတွေကို အခြား အရပ်ဖက်ဝန်ကြီးဌာနတွေက ကျခံရတာရှိပါတယ်။ တတိယအချက် ကတော့ နိုင်ငံခြားငွေ တွေကို တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်ချက်ဖော်ပြတာလည်းရှိတတ်ပါတယ်။ စတုတ္ထအချက်ကတော့ နိုင်ငံခြားကို ပေး စရာရှိတဲ့ငွေတွေကို စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေက ပေးချေစေတာ၊ တခါတလေ ကုန်ချင်းဖလှယ်တဲ့ ဘာတာစနစ်နဲ့ လဲလှယ်စေတာကြောင့် အတိအကျတွက်ချက်ဖို့ ခက်လှတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ကာလ အလုံးအရင်းနဲ့ တင့်ကား၊ လေယာဉ်၊ သင်္ဘော၊ လက်နက်တွေကို ဝယ်ယူဖြည့်တင်းနေတာက တိုင်းပြည်ဘဏ္ဍာကို ဘယ်လောက်နစ်နာ ဆုံးရှုံးစေ မယ်ဆိုတာ သိသာပါတယ်။ စစ်အစိုးရရဲ့ တရားဝင်ကိန်းဂဏန်းကို အခြေခံ တွက်ချက်ပြခဲ့ ရာမှာ စစ်လက်နက် ဒေါ်လာ သန်းထောင်ချီပြီး ဝယ်ယူခဲ့တဲ့ ၁၉၉ဝ ခုနှစ်များမှာတောင် စစ်အသုံးစရိတ်ဟာ ဂျီဒီပီရဲ့ ၄ % မကျော်ဘဲ ရှိနေခဲ့တယ်လို့ မောင်အောင်မျိုးက ဖော်ပြပြီး၊ အခု ကာကွယ်ရေး ပစ္စည်းတွေ ဝယ်ယူနေတာဟာ တိုင်းပြည် တရားဝင် ဘတ်ဂျက်ရဲ့ ပြင်ပမှာ ဖြစ်နေတာလို့ တွက်ချက်ပြခဲ့ပါတယ်။ အလားတူ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနိုင်ငံက ဝယ်ယူတဲ့ပစ္စည်းတွေဆိုရင် ကျွန်းသစ်၊ ဆန် စသဖြင့်နဲ့ ပေးချေရတဲ့ ကိစ္စတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

ဒါတွေသာမက နယ်အသီးသီးမှာ တပ်စခန်းတွေ တိုးချဲ့ချထားတဲ့အတွက် မြေသိမ်းခံရတာ၊ စိုက်ခင်းတွေ သိမ်းခံ ရတာ၊ ဒေသရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စွက်ဖက်လာလို့ ပြည်သူတွေနစ်နာ ဆုံးရှုံးရတာတွေလည်း ရှိပါသေးတယ်။ ဒါတွေကို တော့ ထည့်သွင်း တွက်ချက်ထားတာ မတွေ့ရပါဘူး။

ဒါပေမယ့်လည်း တပ်မတော်ထဲမှာ အားနည်းချက်တွေက သူ့ပင်ကိုယ် ကိုယ်၌သာ အများအပြား ရှိနေသေးကြောင်း ဖော်ပြခဲ့ပါ သေးတယ်။ အရှေ့ တောင် အာရှဒေသမှာ ဗီယက်နမ်ပြီးရင် ဒုတိယအကြီးဆုံး စစ်တပ်တခု ဖြစ်လာတယ် ဆိုပေမယ့်လည်း၊ ပြောရရင် မြန်မာ့တပ်မတော်က ခြေလျင်တပ်သာသာပဲ ရှိပါသေးတယ်။ ယန္တယားတပ်ဆင်ထားတဲ့ ခေတ်မီတပ်တခု မဖြစ်လာသေးပါဘူး။ နေရာရွှေ့ပြောင်း လှုပ်ရှားရေးမှာလည်း အကန့်အသတ်အများကြီးရှိနေပါသေးတယ်။ ဒီ ထက်ပိုလို့ အရေးကြီးတာက ရိက္ခာထောက်ပံ့ရေးနဲ့ စစ်သား တွေရဲ့ စိတ်ဓါတ်အခြေအနေပဲ ဖြစ်ပါတယ်။ အစီရင်ခံစာ တခုကို ကိုးကားပြီး ၂ဝဝ၆ ခု၊ မေလနဲ့ သြဂုတ်လ အတွင်း မြန်မာ့တပ်မတော်က တပ်ပြေး ၉၄၉၇ ဦး ရှိခဲ့တယ် ဆိုပါတယ်။

အချို့လေ့လာချက်တွေအရ ဆိုရင် မြန်မာ့တပ်မတော်မှာ တပ်ပြေးတွေက တလတလကို ပျမ်းမျှ ၁၆ဝဝ လောက် ရှိနေ တယ်။ ကိုယ်ကာလ ကြံ့ခိုင်ရေးအပိုင်းမှာလည်း ပြဿနာတွေရှိနေတယ်။ ၂ဝဝ၆ ခု စာရင်းအရ အိပ်ခ်ျအိုင်ဗီပိုးရှိသူ ၁၃ဝဝဝ ကျော်၊ အသည်းရောင်-ဘီပိုးရှိသူ ၂ဝဝဝ ကျော်ရှိနေတယ်။ စည်းကမ်း လိုက်နာမှု အပိုင်းမှာလည်း ပြဿနာတွေနဲ့၊ အစီရင်ခံစာတွေ လိမ်တင်နေကြသလို၊ ခြစားမှုတွေကလည်း ဒုနဲ့ ဒေးလို့ ဆိုပါတယ်။ ဒါတွေကို စနစ်တကျ စစ်ဆေးမှုတွေလည်း လျော့နည်းနေ တယ်လို့ ဖတ်ခဲ့ရပါတယ်။

သူများနိုင်ငံက အာဏာရှင်စနစ်တွေကတော့ မာဖီးယားလို အညွန့်ကို ခူးခပ် ခေါင်းပုံဖြတ်တယ်။ မြန်မာပြည်က စစ် အာဏာရှင် တွေကတော့ ဘီလူးသဘက်လို အားလုံးကို ဝါးမြိုဖို့ကြိုးစားတယ်လို့ စီးပွားရေးပညာရှင် တယောက်ရဲ့ စာတန်းမှာ ဖတ်ခဲ့ရပါ တယ်။ အဲသလို အားလုံးကိုစားသောက်ပြီး ကြီးထွားနေတဲ့ စစ်တပ်ကြီးက ခါချဉ်ကောင် မာန်ကြီးလို့ ခါးမသန် ဖြစ်နေရတာ ကိုလည်း အားလုံးတွေ့မြင်နေကြရပါတယ်။ နောက်တပတ်မှာတော့ စစ်တပ်က ပါဝင်ပတ်သက်နေတဲ့၊ လက်ဝါးကြီးအုပ် လုပ် ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း ကိစ္စတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Read More...

Saturday, June 20, 2009

ရက်စက်တဲ့ဟာသဖွဲ့မှု (သူရဲကောင်းကြီး ဒွန်ကွီးဇုတ်)

ကဗျာလည်း မရေးဖြစ်တာကြာပြီ။ ဒါပေမယ့် ဖတ်ရတဲ့ကဗျာလေးတပုဒ်ကတော့ စဉ်းစားခန်းရှည်ဖွယ် ကောင်းလွန်းလို့ မိတ်ဆက်ပေးချင်မိပါတယ်။ ဆရာကိုအောင်ပွင့်ရဲ့ အရင်လ ပိတောက်ပွင့်သစ်မဂ္ဂဇင်း (၂၀၀၉၊ မေ) မှာ ပါတဲ့ ကဗျာတပုဒ်ပါ။ သူက နိုင်ငံတကာ နာမည်ကြီးဝတ္ထုရှည်တပုဒ် က ဇာတ်ကောင်တယောက်အကြောင်းကို ပြန်ဖွဲ့ထားတာပါပဲ။ ဖတ်ကြည့်ပါဦး။

သူရဲကောင်းကြီး ဒွန်ကွီးဇုတ်
မောင်အောင်ပွင့်

စပိန်နိုင်ငံ လာမန်ချာဒေသ ရွာကလေးတရွာက လယ်သမားလူငယ်လေးဟာ
(၁၆) ရာစု ရောက်တာတောင်မှ (၁၄) ရာစု သူရဲကောင်းဝါဒ သူ့မှာ ဖိစီးခံနေရတုန်း
ဒုက္ခရောက်တဲ့ မိန်းမချောလေးတွေကို ကယ်တင်ချင်တယ်
ဘီလူးတစ္ဆေတွေနဲ့ တိုက်ခိုက်ချင်တယ်၊ နဂါးဂဠုန်တွေနဲ့ စစ်ခင်းချင်တယ်
ချပ်ဝတ်တန်ဆာဟောင်းနဲ့ သံချေးတက်ဓားတစင်းကို ရထားပြီ
ဆံပင်ညှပ်ဆိုင်က ခေါင်းလျှော်ဇလုံဟာ သံခမောက်ပေါ့
မြင်းပိန်တကောင်ကို တက်စီး စွန့်စားခန်းလို ခရီးထွက်ခဲ့
"သူရဲကောင်းကြီး" "သူရဲကောင်းကြီး" လို့ လူတွေပြောင်လှောင် ခေါ်ကြလေ
သူ့ကိုယ်သူ "သူရဲကောင်းကြီး" လို့ထင်လေ၊ စိတ်ကြီးဝင် ဘ၀င်မြင့်လေ
အိုးတိုးအတ လယ်သူမကလေးကို "တိုဆိုဗိုမင်းသမီး ဒူဆီးနီးယား" ဘွဲ့ပေးလက်ထပ်
လမ်းခရီးက ထမင်းဆိုင်ကို ရဲတိုက်ကြီးထင်၊ ဆိုင်ရှင်ကို လော့ဒ်မှတ်၊ သူ့ကို သူရဲကောင်းမြှောက်ခိုင်း
မြှောက်ပါပြီ သူရဲကောင်းကြီး၊ သူရဲကောင်းကြီး ၀ါးဟားဟား၊ ၀ိုင်းဟားကြ၊ ပျော်လိုက်ကြ
လယ်သမား နုံတုံတုံ၊ အတတ "ဆန်ချိုပန်ဇာ" က နောက်တော်ပါးလိုက်လုပ်
သူရဲကောင်းကြီး ဟုတ်သထက်ဟုတ်၊ ဘယ်မလဲ ဘီလူးတစ္ဆေတွေ၊ ဘယ်မလဲ ဂဠုန်နဂါးတွေ
လေဟရတ်ကြီးတွေ သရဲသဘက်ထင် တိုက်ခိုက်၊ ဒလက်တံတွေ တိုက်ချလို့
မြင်းပေါ်က ဒလိမ့်ခေါက်ကွေး ပြုတ်ကျ၊ ဒါမှ သူရဲကောင်းကြီးကွ
သိုးအုပ်ကို ရန်သူ့တပ်ထင်၊ ဓားရေးပြ၊ သိုးကျောင်းသားတွေရဲ့ တုတ်စာမိ
ပီဘိသူရဲကောင်းကြီးလေ
သိုးသားရေအိတ်ထဲက ၀ိုင်တွေကို သွေးဆိုးတွေထင် ဖောက်ထုတ်ပစ်
ဝိုင်တန်ဖိုးမသိ၊ ယဉ်ကျေးမှုကောင်း မသိ သူရဲကောင်းကြီးပ
သူရဲကောင်းကြီး ဒွန်ကွီးဇုတ်ကို မြို့စားဇနီးမောင်နှံက အရူးဘုံမြှောက်ကြပြန်ရော
နောက်တော်ပါး "ဆန်ချိုပန်ဇာ" ကို ဘုရင်ခံ ခန့်လိုက်သတဲ့၊
သူအပိုင်စားရ ရွာကလေးမှာ တရားရေးတွေ ကမောက်ကမဖြစ်၊ ရွာကလေး ပျက်ပါပြီ
ဒွန်ကီးဆုတ်နဲ့ တရွာတည်းသား "ဆန်ဆွန်ကာရက်စတို" ပေါ်လာပြီး စီးချင်းထိုးကြ
ဒွန်ကွီးဇုတ်ရှုံးလို့ ကတိအတိုင်း ရွာမှာကောင်းကောင်းပြန်နေတော့မှ အဖျားရောဂါနဲ့
သေဆုံးသွား
ဒီတော့မှ လာမန်ချာဒေသ ငြိမ်းချမ်းရေးရတော့တယ်။ ။

ပိတောက်ပွင့်သစ်မဂ္ဂဇင်း
အမှတ် ၂၄
၂၀၀၉ ခုနှစ်၊ မေလ။

ဒီနေရာမှာ စာဖတ်သူတွေအတွက် နောက်ခံလေး ရှင်းပြချင်တယ်။ ယခု ဒွန်ကွီးဇုတ်အကြောင်းရေးထားတဲ့ ၀တ္ထုက စပိန် ဘာသာနဲ့ မူရင်းစာတပုဒ်ပါ။ စပိန်စာပေရွှေခေတ်လို့ ခေါ်တဲ့ ၁၇ ရာစု (၁၆၀၄ ခု) မှာ ထွက်ပေါ်လာတဲ့ ဂန္ဓ၀င်ဝတ္ထုတပုဒ်ပါ။ ၂- ပိုင်းတွဲ ရှိတယ်ဆိုပါတယ်။ ၀တ္ထုနာမည်အပြည့်အစုံက El Ingenioso Hidalgo Don Quijote de la Mancha ("The Ingenious Hidalgo Don Quixote of La Mancha") ဖြစ်ပြီး ရေးတဲ့စာရေးသူကတော့ မင်းဂွယ် ဒီ ဆာဗန်တီးစ် Miguel de Cervantes ဖြစ်ပါတယ်။ ကဗျာထဲမှာလည်း သူ့ဇာတ်ကြောင်းပေါ်မယ် ထင်ပါတယ်။

ကျေးလက်တောက လူငယ်ကလေး၊ သူရဲကောင်းဖြစ်ချင်စိတ် စိတ်အားထက်သန်စွာနဲ့ တလွဲတွေချည်း လျောက်လုပ်နေ ပုံပါ။ ရူးရူးနှမ်းနှမ်းလိုတောင် ဖြစ်နေတယ်။ သူ့ရဲ့နောက်လိုက် သာဝက ဆန်ချိုပန်ဇာ ကလည်း ကြည်ညိုစိတ်နဲ့ထောက်ခံ နေလိုက်တာ တဖက်လူကို အရူးဘုံမြှောက်သလိုတောင် ဖြစ်စေခဲ့ပါတယ်။ ဒီဝတ္ထုကို မြန်မာဘာသာနဲ့လည်း ပြန်ဆိုထား ကြတာ ရှိတယ်ထင်ပါတယ်။

ဒီဇာတ်ကောင် ဒွန်ကွီးဇုတ်ကို အကြောင်းပြုလို့ quixotic ဆိုတဲ့ အင်္ဂလိပ်စကားလည်း ပေါ်ထွက်ခဲ့ပါတယ်။ ကျနော် ဒစ်ရှင် နာရီမှာကြည့်တော့ လေထဲတိုက်အိမ်ဆောက်သော၊ စိတ်ကူးယဉ်ဆန်သော၊ လက်တွေ့မကျသောလို့ ဖော်ပြထားပါတယ်။ ဒီထက်တော့ပိုပါတယ်။ စိတ်အားထက်သန်မှုနဲ့ တစူးစား တဇွတ်ထိုး လုပ်နေတတ်တဲ့သူမျိုးလို့လည်း ဆိုရမှာပါ။ ဒီဝတ္ထုက တော့ ဂန္ဓ၀င်ဝတ္ထုတအုပ်ဖြစ်ခဲ့ပြီး စာပေနယ်ပယ်၊ အတွေးအခေါ်နယ်ပယ်မှာပါ သြဇာလွှမ်း ထင်ရှားခဲ့ပါတယ်။ အဲသည် ခေတ်က အယူသည်းတဲ့ တရားသေ ဘာသာရေးအယူအဆ၊ အမှန်တရား သစ္စာ၊ တခုတည်းသော အမှန်တရား၊ ယုံကြည် မှုကို စိန်ခေါ်ပေါ်ထွက်ခဲ့တာပါ။ ရက်စက်တဲ့ ဟာသဖွဲ့မှု၊ လူနေမှုစနစ်အပေါ် လှောင်ပြောင်မှုလို့လည်း ယူဆခဲ့ကြပါတယ်။

ကဗျာ ဆရာက ဘာဖြစ်လို့ရေးတာလဲ။ ဒွန်ကွီးဇုတ်က ဘယ်သူဖြစ်နိုင်သလဲ။ ကိုယ်တိုင်ပဲလား...ဗိုလ်ချုပ်တွေလား... စဉ်းစားခန်း ရှည်မိကြောင်းပါ ခင်ဗျား။

Read More...

Friday, June 19, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၈)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော် ခေတ်မီ ရေးအတွက် (နအဖ) စစ်အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲတည်ဆောက်ထားပုံ၊ ဖွဲ့စည်းပုံ တည်ဆောက်ပုံဆိုင်ရာ ကိစ္စတွေကို ဆက်လက်တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
မြန်မာ့တပ်မတော်က အင်အားတိုးချဲ့တည်ဆောက်နေပြီး၊ ခေတ်မီရေးအတွက် လုပ်ဆောင်နေပုံ တွေကို ဆက်လက် တင်ပြလိုပါတယ်။ ၁၉၄၇ ခုနှစ်၊ မြန်မာ့တပ်မတော် စတင်သန္ဓေတည် စဉ် ကာလမှာ စစ်တိုင်း (၂) ခု အောက်မှာ ခြေလျင် တပ်ရင်း ၁၅ ခုပဲ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ခြေလျင်တပ်ရင်း ၁၆၈ ရင်းရှိပြီး၊ စစ်သည် အင်အား တစ်သိန်းရှစ်သောင်း လောက်သာ ရှိရာကနေ၊ ၂ဝဝဝ ခုနှစ်မှာ ခြေလျင် တပ်ရင်း ၄၆၂ ခု၊ ၂ဝဝ၇ ခုနှစ်မှာတော့ ခြေလျင်တပ်ရင်း ၅ဝ၄ ခုနဲ့ တပ်မတော် စစ်သည်အင်အား ၆ သိန်းလောက် အထိ တိုးချဲ့ခဲ့တယ် လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ စစ်တပ် အင်အားကို အဆမတန်တိုးချဲ့လာခဲ့တာကတော့ သိသာပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြတဲ့ စစ်သည်အင်အားက အငြင်းပွားဖွယ်ရှိတဲ့အကြောင်းလည်း မောင် အောင်မျိုးက သူ့စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။ နိုင်ငံတကာ သတင်း မီဒီယာတွေကို ကိုးကားပြီး၊ ၂ဝဝ၆ ခုနှစ် နှောင်းပိုင်း တပ်မတော်က ပေါက်ကြား ထွက်လာခဲ့တဲ့ အစီရင်ခံစာတခုအရ တပ်မတော် (ကြည်း) မှာရှိနေတဲ့ တပ်ရင်း (၂၈၄) ခုဟာ လူအင်အား ၂ဝဝ အောက်ထက် လျော့နည်းနေတယ်။ နောက်ထပ် တပ်ရင်း (၂၂ဝ) ခု ဟာလည်း လူအင်အား (၂ဝဝ) နဲ့ (၃ဝဝ) ကြားပဲ ရှိတာဆိုတာကိုလည်း ချိန်ဆနိုင်အောင် ဖော်ပြခဲ့ပါသေးတယ်။

မြန်မာ့တပ်မတော်မှာ အင်အားပြည့်ဆိုရင် ခြေလျင်တပ်ရင်းတခုဟာ (၇၇၇) ဦး ရှိရမယ်လို့ ၁၉၈၈ ခုနှစ်တုန်းက သတ်မှတ် ထားပါတယ်။ ဒါပေမယ့် ၁၉၉ဝ ခုနှစ်များ အလယ်ပိုင်းမှာတော့ ပြောင်းလဲသတ်မှတ်မှုတွေ လုပ်ခဲ့ပြီး မြန်မာ့တပ်မတော် တပ်ရင်းတခုဟာ အင်အားပြည့်ဆိုရင် (၈၁၄) ဦး ရှိရမယ်လို့ တရားဝင်သတ်မှတ် ထားပါတယ်။ အခု ဖော်ပြချက်အရဆိုရင် မြန်မာ့တပ်မတော်ရဲ့တပ်ရင်း အများအပြားဟာ အခုလို စံသတ်မှတ်ချက် မပြည့်ဘဲ ဖွဲ့စည်းထားတာလို့ ဆိုနိုင်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်း ကွပ်ကဲမှုပုံစံတွေလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။ ယခင်ကာလက စစ်ရုံးချုပ်ကသာ တိုက်ရိုက်ကွပ်ကဲခဲ့ပေမယ့်၊ စစ်ဆင်ရေးတွေကို ပိုလို့ ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင်ဆိုပြီး ၁၉၇၈ ခုနှစ်မှာ အထူး စစ်ဆင် ရေးကွပ်ကဲမှုဌာန (ကစထ) (BSO) ၂-ခုကို ဖွဲ့စည်းခဲ့ပါတယ်။ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မတွေကို ကြီးကြပ်နိုင်အောင် ဖွဲ့စည်း ခဲ့တာပါ။ ၂ဝဝ၂- ခုနှစ်မှာတော့ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန (BSO) ၄ ခု ဖြစ်လာပါတယ်။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ မှာတော့ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန (ကစထ) တွေကို ၆ ခုအထိ တိုးချဲ့ ဖွဲ့စည်းထားပါတယ်။

နောက်ထပ်ထူးခြားချက်တခုက တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း-ရေ-လေ) ဆိုပြီး ကြည်း-ရေ-လေ တပ်တွေကို ပူးပေါင်းဆောင်ရွက်ကွပ်ကဲနိုင်ဖို့ ဗိုလ်ချုပ်ကြီးရွှေမန်းကို ရာထူးအသစ် တီထွင်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါ တယ်။ အခြားထိပ်ပိုင်း ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေလည်း ရှိပါသေးတယ်။ မောင်အောင်မျိုးက သူ့ရဲ့စာအုပ် အဖွင့် ပိုင်းမှာ ကြည်းတပ်တခုရဲ့ သဘော သဘာဝ၊ တာဝန်ကို ဖော်ပြခဲ့ပါတယ်။ တပ်မတော်တခုဟာ အလျင်အမြန် အင်အားချဲ့ထွင်နိုင်မှု၊ လူများများ သေစေနိုင်တဲ့ စွမ်းအား၊ လျှင်မြန်မှု၊ သတင်းရယူ စုဆောင်းနိုင်မှု စတဲ့ အရည် အချင်းတွေ ရှိရမယ်လို့ ဆိုပါတယ်။ အဲဒါတွေသာမက အခု ခေတ်သစ် နည်းပညာထွန်းကားလာတဲ့ခေတ်မှာ အခြားလက်နက်ပစ်အား၊ ဖုံးကွယ်မှု၊ ပုံဖျက်မှု၊ စုပေါင်း ဖွဲ့စည်း စွမ်းဆောင်မှု စတဲ့အချက်တွေကလည်း အရေးကြီးလာခဲ့ပါတယ်။

ကြည်းတပ်အင်အားတိုးချဲ့တာ သာမက လေတပ်၊ ရေတပ်ရဲ့ အရေးပါပုံကိုလည်း သတိပြုမိတယ်လို့ ဆိုပါတယ်။ လေတပ်၊ ရေတပ်ကိုလည်း တိုးချဲ့မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာတုန်းက တပ်မတော် (ရေ) မှာ ရတနာပုံ၊ ရခိုင်၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး ရေတပ်စခန်းတွေ ရှိခဲ့ပြီး၊ အင်အားက ၂,ဝဝဝ လောက်သာပဲ ရှိခဲ့ပါ တယ်။ ၁၉၇၈ ခုနှစ်လောက်အထိ ဗျူဟာ စစ်ရေ ယာဉ်စု တခုနဲ့ အင်အား ၉ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်များ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ရေတပ်သင်္ဘော တွေ ဝယ်ယူအားဖြည့်ပြီး၊ ဗျူဟာစစ်ရေယာဉ်စု ၂-စုနဲ့ အခြားတပ်များ အပါအဝင် အင်အား ၂၂,ဝဝဝ လောက် ရှိလာတယ်လို့ ခန့်မှန်း ဖော်ပြကြပါတယ်။ ရေငုတ်သင်္ဘောတွေ ရဖို့ မြန်မာ့တပ်မတော်က ကြိုးစားနေတယ် လို့လည်း အချို့လေ့လာသူတွေက ဆိုကြပါတယ်။

လေတပ်ကိုလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းပြီးချိန်မှာ အထူးအင်အားဖြည့် တိုးချဲ့လာခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းစဉ်က လေယာဉ်အနည်းငယ်နဲ့ အင်အား ရာဂဏန်းလောက်ပဲ ရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က စပြီး တိုက်လေယာဉ် အုပ်စု ၆-ခု၊ အမှတ် ၅ဝ၁၊ ၅ဝ၂၊ ၅ဝ၃ လေတပ်စခန်းဌာနချုပ်နဲ့ အမောင်းသင်ကျောင်း တွေမှာ စစ်သည်အင်အား ၉,ဝဝဝ မျှ ရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် နောက်ပိုင်းမှာတော့ နမ့်ဆမ်လေတပ်စခန်း ဌာန ချုပ်၊ တောင်ငူလေတပ်စခန်း ဌာနချုပ်တွေကို အသစ် ထပ်ဖွင့်ခဲ့ပါတယ်။ ယခုကာလမှာ မြိတ်နဲ့ မကွေးမှာလည်း လေတပ်စခန်းဌာနချုပ်တွေ ထပ်ဖွင့်ခဲ့တယ်လို့ ဆိုပါ တယ်။ ဟုမ္မလင်းနဲ့ ပုသိမ်မှာလည်း လေတပ်စခန်းဌာနချုပ် တွေ ထပ်ဖွင့်ခဲ့ကြပြီး၊ လေတပ်မှာ အင်အား ခန့်မှန်း ၂၃,ဝဝဝ လောက် ရှိတယ်လို့ အချို့လေ့လာသူတွေက ပြောကြတာကို လည်း မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာက ခေတ်မီ ဂျက်တိုက်လေယာဉ်တွေကို တန်ဖိုးကြီးကြီးပေးလို့ ဝယ်ယူတပ်ဆင်ခဲ့ကြတာပါ။

ဒါတင်မက အခြားခေတ်မီရေးနဲ့ အင်အားဖြည့်တင်းမှု လုပ်ခဲ့တာလည်း ရှိပါသေးတယ်။ ၁၉၈၈ ခုနှစ်ကာလ လောက်က လက်နက်ကြီးအမြောက်တပ်ရင်း ၃ ခုလောက်သာ ရှိရာကနေ၊ ယခုအချိန်မှာတော့ လက်နက်ကြီး အမြောက်တပ်ရင်း ၉ဝ လောက် ဖွဲ့စည်းထားတယ်လို့ လေ့လာချက်တွေအရ ဆိုပါတယ်။ လေယာဉ်ပစ် အမြောက်၊ ဒုံးပစ်တပ်ဖွဲ့၊ ပစ်မှတ်ရှာတပ်ဖွဲ့ စသဖြင့်တွေလည်း ပါဝင်ပါတယ်။ အရင် (မဆလ) အစိုးရကာလက သံချပ်ကာနဲ့ တင့်ကားတပ်ဆိုတာ အဖြစ်လောက် ဖွဲ့ထားခဲ့ရာကနေ၊ သက္ကရာဇ် ၂ဝဝဝ မှတော့ သံချပ်ကာ တပ်ရင်း ၅-ခု၊ တင့်ကားတပ်ရင်း ၅- ခုရှိနေပြီ ဖြစ်ပါတယ်။ အဲဒါ တွေကို အမှတ် ၇၁- သံချပ်ကာတပ်မအောက် မှာ ဖွဲ့ခဲ့တာပါ။ အခုအချိန်မှာတော့ သံချပ်ကာတပ်မ ၅-ခု ရှိနေပြီလို့ ဆိုပါ တယ်။ ဒါတင်မက လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေကို တပ်မ ၃-ခုစာ စုဖွဲ့ထားတယ်လို့လည်း ဆိုပါတယ်။ ဒီတပ်တွေကို လေကြောင်း ရန်ကာကွယ်ရေးဗိုလ်ချုပ်တယောက် ဦးစီးမှုထားပြီး စုဖွဲ့စေခဲ့တာပါ။

ဒီလိုလက်နက်၊ လေယာဉ်တွေကို ဘယ်လိုပြည်ပရန်ကြောင့် အပြင်းအထန် တပ်ဆင်နေကြတာလဲ၊ မြန်မာ့တပ်မတော် ကရော ဘယ်လောက် အစွမ်းထက်ခဲ့သလဲ၊ ဘယ်လောက်အထိ တိုင်းပြည်က ကုန်ကျခံခဲ့ကြရသလဲ စတဲ့ အချက်တွေကို နောက် အပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Read More...

Friday, June 12, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၇)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာလက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်း ပုံ တည်ဆောက်ထားပုံ အကြောင်း ဆက်လက် တင်ပြထားပါတယ်။


သောတရှင်မိတ်ဆွေများခင်ဗျား
မြန်မာ့တပ်မတော်ကို အရာရှိတွေ နေရာပေးခန့်ထားပုံနဲ့ ပတ်သက်လို့ ဆက်လက်တင်ပြလိုပါတယ်။ (DSA) စစ်တက္ကသိုလ် က ဆင်းလာသူတွေကို ပိုလို့နေရာပေးခံရတယ်။ (OTS) အရာရှိဗိုလ်လောင်း သင်တန်းကျောင်းက ဆင်းလာသူတွေကို တော့ နှိမ်ခံရတယ် စသဖြင့် ပြင်ပမှာ ပြောနေတဲ့ အချက် တွေရှိပါတယ်။ ဒီလိုခွဲခြားကျင့် သုံးမှုတွေ မတွေ့ရကြောင်း မောင်အောင်မျိုးက စာအုပ်မှာ ဖော်ပြခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းချိန် နောက်ပိုင်းတက်လာတဲ့ စစ်အစိုးရမှာ အဲသလိုမတူတဲ့ စစ်သင်တန်းကျောင်း နောက်ခံတွေက ဆင်းလာတဲ့သူ တွေအပေါ်မှာ ညီညွတ်မှုကိုကြည့်ပြီး၊ အထူး မျှတအောင် ရာထူးနေရာခန့်ထားခဲ့တယ်၊ နောက်တချက်က စစ်မြေပြင်ရှေ့တန်းထွက်ရတဲ့ တပ်မှူးတွေနဲ့ ထောက်လှမ်းရေး တပ်တွေအကြားက ပဋိပက္ခတွေကိုလည်း အထူးသတိထား ဖြေရှင်းခဲ့တယ်လို့ မောင်အောင်မျိုးက ရေးခဲ့ပါတယ်။

ဒီလိုအချက်ကို အထောက်အထားတွေနဲ့ သူက တင်ပြခဲ့တာပါ။ အတိတ်က ၁၉၅၉-၆ဝ ခုနှစ်မှာ စစ်တပ် အရာရှိ ၈ဝ၅ ဦးကို ခန့်ထားရာမှာ စစ်တက္ကသိုလ်က ပြီးလာတဲ့သူ ၆၅-ဦးသာ ပါတယ်လို့ ဆိုပါတယ်။ အချိုး အရပြောရမယ်ဆိုရင် ၁ အချိုး၊ ၁၁ ( ၈ % ပတ်ဝန်းကျင်) လို့ ပြောနိုင်ပါတယ်။ ၁၉၆၅ ခုနှစ်တိုင်လည်း အချိုးက အလားတူပဲ ရှိခဲ့တယ် ဆိုပါတယ်။ အလားတူ ပဲ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလကနေ ၂ဝဝ၈ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ တပ်မတော်အဆင့်မြင့်ရာထူးတွေမှာ တာဝန်ပေး ခဲ့တာကို ပြန်ကြည့်ရင် အရာရှိကြီး ၁၆၄ ဦးမှာ၊ (ဒီအက်စ်အေ) က ၁ဝ၇ ဦး၊ (အိုတီအက်စ်) ဗိုလ်လောင်းသင်တန်းက ၄၅ ဦး၊ တေဇသင်တန်းက ၁၂ ဦး လို့ ဖော်ပြပါတယ်။ သူဆိုလိုတာက ရာထူးတာဝန်ပေးတဲ့နေရာမှာ ခွဲခြားမှု မရှိဘူး ဆိုလို တာပါပဲ။ ၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းတဲ့အချိန် (နဝတ) စစ်ကောင်စီထဲမှာ ခေါင်းဆောင်တဲ့သူတွေ ပြန်ကြည့်ရင်လည်း အဖွဲ့ဝင် ၁၉ ဦးမှာ (ဒီအက်စ်အေ) က ၃ ဦးသာ ပါဝင်ပါတယ်။ (နဝတ) ကနေ ၁၉၉၇ ခုနှစ်မှာ၊ (နအဖ) ပြန်လည်ဖွဲ့စည်းတဲ့ အခါမှာလည်း (နအဖ) စစ်ကောင်စီထဲမှာ (ဒီအက်စ်အေ) က ၅ဝ ရာခိုင်နှုန်း၊ (အိုတီအက်စ်) ကျောင်းဆင်းက ၅ဝ ရာခိုင်နှုန်း ဆတူ ပါဝင်တယ် လို့ သူက အထောက်အထားနဲ့ ဖော်ပြပါတယ်။

နောက်တခုကတော့ တိုက်ခိုက်ရေးတပ်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့အကြား အကွဲအပြဲပြဿနာပါ။ ၁၉၉၂- နှောင်းပိုင်းနဲ့ ၁၉၉၃ ခုနှစ်မှာ မြန်မာ့တပ်မတော်ကို စောင့်ကြည့်လေ့လာခဲ့ကြတဲ့သူတွေက ဘယ်သူက ဒု-ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် (ကြည်း) ဦးစီးချုပ် ဖြစ်လာလေမလဲလို့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အဲဒီအချိန်က အာဏာထက်နေတဲ့ ထောက်လှမ်းရေးတပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ပဲ ဝင်ရောက်နေရာယူမလားစတဲ့ ထင်ကြေးပေးမှုတွေ လည်း ရှိခဲ့ပါတယ်။ အဲဒီရာထူးနေရာမှာလည်း ၅-လ လောက် လစ်ဟာနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်ချုပ်ကြီး မောင်အေးကိုပဲ ဒု-ဦးစီးချုပ်နဲ့ ကြည်းတပ် ဦးစီးချုပ်တာဝန်ပေးခဲ့ပါတယ်။ တနည်းပြောရရင် ဦးစီးချုပ်ကို တိုက်ခိုက်ရေး တပ်တွေဖက်က လာတဲ့တပ်မှူးကို သာ နေရာပေးတဲ့ အစဉ်အလာတရပ်ကို ဆက်ထိန်းခဲ့တာလို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့်အတွက် တပ်မတော် မဟာဗျူဟာလေ့လာရေးဌာနမှူးကြီးဆိုပြီး နေရာ ဖန်တီးပေးခဲ့တာ တော့ ရှိခဲ့ပါတယ်။ အဲဒီအချိန်က မဟာဗျူဟာလေ့လာရေးဌာနမှူးကြီးတာဝန်က တပ်မတော်ထဲမှာ အဆင့်-၅ အကြီးဆုံးနေရာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ နယ်တွေက ထောက်လှမ်းရေးတပ်တွေက တပ်မတော်ထောက် လှမ်းရေးညွှန်ကြားရေးမှူးချုပ် ရုံးဆီကို တိုက်ရိုက် အစီရင်ခံရတဲ့အခါ စစ်ထောက်လှမ်းရေးက ပိုလို့သြဇာကြီး လာပါတယ်။ အစဉ်အလာအရ ပိုလို့ ရာထူး တာဝန်မြင့်တဲ့ တိုင်းမှူးတွေကိုတောင် ကျော်လွှားလုပ်ဆောင်တာ မျိုးတွေ ရှိလာပါတယ်။ နောက်ဆုံး အောက်ခြေက တိုင်ကြားမှုတွေလည်း များလာတဲ့အခါ စစ်ထောက်လှမ်းရေး တဖွဲ့လုံးကို ဖျက်သိမ်းပစ်ရတာ မျိုးလည်း ဖြစ်ခဲ့ရပါတော့တယ်။ ယခင်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး တွေက ကြံစည်တဲ့ မအောင်မြင်တဲ့ အာဏာ သိမ်းဖို့ ကြိုးစားမှုအပြီးမှာတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ထောက်လှမ်း ရေးတပ်ဖွဲ့ အတွက်လည်း နိဂုံးစလာခဲ့ပြီလို့ ဆိုပါတယ်။ ၂ဝဝ၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ဗိုလ်ချုပ်ခင်ညွန့်ကို စစ် ထောက်လှမ်း ရေးတပ်ဖွဲ့ တပ်မှူးနေရာကနေ ရာထူးစွန့်ပေးဖို့ တပ်မတော် ခေါင်းဆောင်ပိုင်းက တောင်းဆိုခဲ့ကြ ပြီး၊ ၂ဝဝ၄ ခုနှစ်အကုန်မှာ နေရာစွန့်ပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါ တယ်။ နောက်တချက်က အိမ်နီးချင်း ပြည်ပနိုင်ငံတွေနဲ့ လေ့လာသူတွေက ဗိုလ်ချုပ်ခင်ညွန့်ကို သဘောထား ပျော့ပြောင်း သူ၊ ပြုပြင်ပြောင်းလဲရေး လုပ်လိုတဲ့ သဘောထားရှိသူ၊ အမြင်ကျယ်သူ စသဖြင့် ပြောဆိုသုံးနှုန်းနေကြတာကို စစ်တပ် အတွင်း သဘောမတွေ့ကြတာဟာလည်း အချက်တခုအဖြစ် ပါတယ်လို့ မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးတော့ ၂ဝဝ၄ ခုနှစ်၊ အောက်တိုဘာမှာ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်ကို လက်ရှိဝန်ကြီးချုပ်တာဝန်နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံရ တာ၊ စစ်ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးကို ဖြုတ်ပစ်တာ၊ ရာထူးထုတ်ပစ်တာ၊ တပ်မှူးတွေက ထောင်ချခံရ တဲ့ အထိ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကိုလည်း မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ခင်ညွန့် အပေါ် အမျက်ထွက်ခဲ့ရတဲ့ကိစ္စကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးက လာဘ်စားတယ်ဆိုပြီး၊ တွေ့ရှိထားတဲ့ စစ်ထောက် လှမ်းရေး အရာရှိတွေကို ဆက်လက်အရေးယူဖို့ ပျက်ကွက်နေတာလို့ မောင်အောင်မျိုးက သုံးသပ်ဖော်ပြ ခဲ့ပါ တယ်။

အဲဒါအပြင် စစ်တပ်အတွင်းက အခြားထိန်းညိ‡မှုဆိုင်ရာ ပြဿနာတွေကိုလည်း မောင်အောင်မျိုးက သုံးသပ် ဖော်ပြခဲ့ပါ သေးတယ်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေပါ။ အရင်တုန်းက တိုင်းမှူးတွေက (မဆလ) အစိုးရလက်ထက်မှာတုန်းက ပါတီဗဟိုကော်မီတီ ရာထူးတာဝန်လောက်သာရှိပါတယ်။ အာဏာသိမ်းအပြီး မှာတော့ အာဏာ သိမ်းစစ်ကောင်စီ အဖွဲ့ဝင် ၁၉-ဦးက နိုင်ငံတော်ရဲ့ ထိပ်တန်းက လုံးဝအာဏာကျင့်သုံးနိုင်သူတွေ ဖြစ်လာ ပါတော့တယ်။ တိုင်းမှူးတွေက ထင်တိုင်းကြဲ အာဏာပိုင်တွေဖြစ်လာ ပါတော့တယ်။ စစ်ရေး၊ နိုင်ငံရေး အာဏာတွေအပြင် စီးပွားရေး အာဏာပါ ထွားလာပါတော့တယ်။ (နဝတ) အာဏာသိမ်းပြီး အစောပိုင်းကာလမှာ ဝန်ကြီးဌာနတွေ ထိရောက်စွာ မလည်ပတ် နိုင်ဘဲ ရန်ကုန်လောက်မှာ သာ ရုံးလုပ်ငန်းသဘော လုပ်နေခဲ့ကြရပါတယ်။ တိုင်းမှူးတွေကပဲ နိုင်ငံပိုင် စက်ရုံ တွေ၊ ကုန်စုံ ဆိုင်တွေ ကြီးကြပ် လည်ပတ်နေခဲ့ကြရတယ်ဆိုပါတယ်။ နိုင်ငံအရင်းအမြစ်တွေကို သူတို့ထင်သလို၊ ကြိုက်တဲ့ နေရာ သုံးစွဲခဲ့ကြပါတယ်။ ဒီနေရာဟိုတယ်၊ ဟိုနေရာ နာရီစင် စသဖြင့် လက်ညှိုးညွှန်ရာ လုပ်ခွင့်ရနေခဲ့တယ် ဆိုပါတယ်။

ဒါပေမယ့် ၁၉၉၂ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်မှာ အာဏာကို ပြန်စုစည်းဖို့ ကြိုးပမ်းလာတဲ့အခါ တိုင်းမှူး ၁- ဦးကလွဲလို့ ကျန်တိုင်းမှူးအားလုံးကို ဝန်ကြီးဌာနတွေမှာ နေရာပေးခန့်ထားခဲ့ပါတယ်။ ဧရာဝတီတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က စိုက်ပျိုးရေးဝန်ကြီးဖြစ်လာတဲ့အခါ သူ့တိုင်းက သူသဘောကျတဲ့အရာရှိတွေကိုလည်း ရန်ကုန်ကို ခေါ်လာခဲ့ပါတယ်။ အလားတူ အခြားတိုင်းမှူး အသီးသီးကလည်း ဝန်ကြီးဌာနတွေမှာ သူ့တပ်က အရာရှိတွေကို ခေါ်လာပြီး နေရာချထားခဲ့ ကြပါတယ်။ အဲဒီအချိန်က စိုက်ပျိုးရေးဝန်ကြီးဌာနကိုတောင် "အနောက်တောင်တိုင်း စစ်ဌာနချုပ် ဝန်ကြီးဌာန"၊ ကုန်သွယ် ရေး ဝန်ကြီး ဌာနကိုလည်း တိုင်းမှူးခေါ်လာတဲ့ လူတွေနဲ့ပတ်သက်ပြီး "အလယ်ပိုင်းတိုင်း ဝန်ကြီးဌာန" စသဖြင့် လှောင် ပြောင် ခေါ်ဝေါ်ခဲ့ ကြတယ်လို့ မောင် အောင်မျိုးက ရေးပါတယ်။ ဝန်ကြီးဌာနချင်း ပူးပေါင်းဆက်သွယ်မှု မရှိတဲ့အခါ ဝန်ကြီးဌာနကတွေက သူတို့ ဘာသာ ထင်သလို လည်ပတ်ကြပြန်ပါတယ်။ ဝန်ကြီးတွေကလည်း ကုမ္ပဏီကြီးတွေရဲ့ စီ-အီး-အို တွေလို ဆုံးဖြတ်လုပ်ကိုင် ခဲ့ကြပါတယ်။ သူတို့လက်သင့်ရာကို ကန်ထရိုက်တွေ ချပေးလို့ သူတို့အင်ပိုင်ယာကို တည် ဆောက်ခဲ့ကြတယ်လို့လည်း ဖတ်ခဲ့ရပါတယ်။ ဒီတိုင်းမှူးဝန်ကြီးတွေ ၅-နှစ်လောက် အကြာမှာတော့ သူတို့ အောက်ခြေ တပ်တွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ကြပါပြီ။ လာဘ်စားမှုနဲ့ ကျော်စော နာမည်ပျက်တာတွေလည်း ကြားမကောင်းအောင် ဖြစ်လာတော့ ၁၉၉၇ ခုနှစ်မှာ၊ (နဝတ) ကနေ၊ (နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့ အချိန်မှာ အရေးယူ အနားပေးခဲ့ပါ တော့တယ်။

ပြောရရင်တော့ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးရှုပ်ထွေးလာတဲ့ အခြေအနေမှာ၊ စီမံခန့်ခွဲမှုလွဲချော်မှုတွေ အောက်မှာ တိုင်းပြည်နစ်နာဖွယ် ဖြစ်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။ အရေးယူခဲ့တယ် ဆိုပေမယ့်လည်း၊ အခုတိုင်းမှူးတွေကို နစ်နာစေရ လောက်အောင်လုပ်တာ၊ ထောင်ချတာတွေ မရှိခဲ့ပါဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆို ပေမယ့် စစ်တပ်ကတော့ သူ့တို့ကိုယ်သူတို့ သက်သက်ညှာညှာပဲ ကြည့်ထားတဲ့ပုံ ရပါတယ်။

နောက်တပတ်မှာတော့ အခုကာလ စစ်တပ်ခေတ်မှီရေး လုပ်ဆောင်နေပုံနဲ့ တပ်ဖွဲ့စည်းထားပုံအသစ် ကိစ္စတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Read More...

Friday, June 5, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၆)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင်ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်း ပုံတည်ဆောက်ထားပုံ ဆိုင်ရာသမိုင်းကို တင်ပြထားပါတယ်။


သောတရှင်မိတ်ဆွေများခင်ဗျား
ဒီကနေ့ မြန်မာ့တပ်မတော်ဟာ သီရိလင်္ကာနိုင်ငံမှာ ချုပ်ဆိုတဲ့ ကန္ဒီသဘောတူညီချက် စာချုပ်အပြီး၊ အရင် ဗြိတိသျှ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ တိုင်းရင်းသားတပ်ရင်းတွေရယ်၊ ဗိုလ်ချုပ် အောင် ဆန်း ဦးဆောင်တဲ့ ယခင် ဘီအိုင်အေ၊ ဘီဒီအေ စတဲ့ မျိုးချစ်တပ်မတော်တပ်ဖွဲ့တွေကတဆင့် စတင် သန္ဓေတည်ခဲ့တဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။

စတင်ဖွဲ့စည်းစဉ်က သဘာဝမတူကွဲပြားတဲ့ တပ်တွေစုဖွဲ့ထားတဲ့အတွက်ကြောင့် ပြဿနာပေါင်းစုံနဲ့ ကြုံခဲ့ရပါတယ်။ လွတ်လပ် ရေးရပြီးခါစမှာ ရှိနေတဲ့ မြန်မာ့တပ်မတော်ကို ပြန်ကြည့်ရင် ပဋိပက္ခတွေကို ထင်ထင်ရှားရှား မြင်ခဲ့ကြရပါတယ်။ အရင် အင်္ဂလိပ်-ဂျပန်ကို သူပုန်ထလို့ လွတ်လပ်ရေးလှုပ်ရှားမှုထဲ ပါလာခဲ့ကြတဲ့ စစ်သား တွေက သူတို့ကိုယ်သူတို့ မျိုးချစ်စစ်သား တွေလို့မြင်ကြပါတယ်။ ဗြိတိသျှတပ်က ပေါင်းလာတဲ့ တပ်တွေကိုတော့ ကြေးစစ်စစ်သားတွေလို့ မြင်ကြပါတယ်။ ရဲဘော်ထု ကြားထဲတင်မဟုတ်ဘဲ ခေါင်းဆောင်မှုပိုင်းမှာလည်း အချို့အရာရှိတွေကို အနောက်လိုလား သူတွေ၊ ဗြိတိသျှ လိုလားသူတွေ၊ လက်ကျာသမားတွေလို့ မြင်ကြပါ တယ်။ တဖက်က ဗျူရိုကရေစီအုပ်ချုပ်ရေးမှာရှိတဲ့ အရာရှိတွေကလည်း အချို့မြန်မာ့ တပ်မှူး တွေကို ကွန်မြူနစ် အနွယ်ဝင်တွေ၊ လက်ဝဲအယူရှိသူတွေလို့ မြင်ကြပါတယ်။ အဲဒီအချိန်က မြန်မာ့တပ်မတော် ထိပ်ပိုင်း တပ်မှူးတွေ ကလည်း ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒု-ဗိုလ်မှူးကြီးရှီးရှို၊ ဗိုလ်မှူးချုပ် စောကြာဒိုး စတဲ့သူတွေ ဖြစ်တဲ့ အတွက် ကြောင့် မြန်မာ့တပ်မတော်ကို ကရင်တွေလွှမ်းမိုးနေတယ်လို့ ခံစားချက် တွေရှိခဲ့ကြပါတယ်။ ဒီပဋိပက္ခ တွေက သိပ်မကြာ ခင်မှာပဲ ပွင့်ပွင့်လင်းလင်း ပေါက်ကွဲလာပါတော့တယ်။ မြန်မာ့တပ်မတော်ထဲက အချို့ သေနတ်ကိုင် ခြေလျင်တပ်ရင်းတွေက ကွန်မြူနစ်ပါတီဖက် တောခိုကြသလို၊ စစ်ရဲတပ်အချို့ အပါအဝင် ကရင်သေနတ်ကိုင်တပ်ရင်းတွေကလည်း နောက်ပိုင်းမှာ သူပုန်ထကြပါတယ်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်ကို အပြင်းအထန် ဆင်နွှဲခဲ့ရပါတယ်။

ကရင်လက်နက်ကိုင်တပ်တွေ ပုန်ကန်မှုအပြီးမှာတော့ စစ်တပ်က ကရင်တပ်မှူးကြီးတွေကိုလည်း အနားယူစေခဲ့ ပါတော့ တယ်။ သူပုန်ထတဲ့ကိစ္စတွေကိုလည်း တွန်းလှန်နိုင်ပြီး၊ အတော်အသင့်ထိန်းချုပ်မှု ရလာတဲ့အခါမှာတော့ တပ်မတော် အတွင်း မှာ ရာထူးနေရာခန့်ထားရေးကိစ္စတွေအတွက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ခဲ့ကြတယ် ဆိုပါတယ်။ မတူကွဲပြားတဲ့ နောက်ခံ၊ လူမျိုး၊ ဌာန စသဖြင့်က လာကြသူတွေကို မျှတအောင်ရာထူးနေရာပေး ခန့် ထားရေးကိစ္စတွေကို ၁၉၅ဝ ခု၊ တပ်မှူညီလာခံကစလို့ ဆွေးနွေးလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တနည်း ပြောရရင်တော့ တပ်ရာထူးခန့်ထားရေး ကိစ္စတွေမှာ အရပ်ဖက်၊ နိုင်ငံ ရေးဖက်က သြဇာသက်ရောက်လာမယ့် ကိစ္စတွေကို ဖယ်ရှားလိုက်ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ စစ်ရုံးချုပ်ဖွဲ့စည်းရေး ကိစ္စတွေကိုလည်း အလေးပေး လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီညီလာခံကပဲ စစ်ရုံးချုပ် ကောင်စီ ဖွဲ့စည်းဖို့ အဆိုပြုချက်တခု တင်ပြခဲ့ပါတယ်။ အဲဒီအဆိုပြုချက်ကိုပဲ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျင်းပတဲ့ ၁၆၂ ကြိမ်မြောက် ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ အတည်ပြုပေးခဲ့ပါတယ်။ နောက်ပိုင်း ဦးဘဆွေ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတော့ စစ်ရုံးချုပ်က သူ့လက်သူ့ခြေ ပိုဖြစ်လာခဲ့ပါတယ်။ စစ်ရုံးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး ဌာန တခုလုံးကို ကိုယ်စားပြုနေရုံသာမက၊ စစ်ဖြစ်နေတဲ့အတွင်း ကာလ ဝန်ကြီးအဖွဲ့ သဖွယ်တောင် သြဇာထက်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တပ်ထဲမှာ လူမျိုးရေး၊ အဖွဲ့အစည်း လာရာနောက်ခံ၊ နိုင်ငံရေး အမြင် မတူတဲ့ကိစ္စတွေ ကိုလည်း သေချာကိုင်တွယ်ခဲ့ပါတယ်။ စစ်မြေပြင်မှာ ပိုလို့ ပူးပေါင်းဆောင်ရွက်လာနိုင်ခဲ့တယ်။ ထောက်လှမ်းရေး နဲ့ တိုက်ခိုက်ရေး အရာရှိတွေကြားထဲ ရှိနေတဲ့ ပြဿနာတွေကိုလည်း စနစ်တကျ ဖြေရှင်းပေးခဲ့ကြတယ်။ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် တွေ နေရာမှာလည်း မတူညီတဲ့ သင်တန်းတွေကဆင်းလာတဲ့ အရာရှိအုပ်စုတွေကို တတ်နိုင်သမျှ မျှတအောင် နေရာချ ပေးခဲ့တယ်လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ ၁၉၆ဝ ခုနှစ်များက စလို့ တပ်မတော်အတွင်းမှာ အုပ်စုကွဲပြား ပြဿနာ ဖြစ်ရတာတွေကိုလည်း အနည်းနဲ့အများ ဆိုသလို ရှင်းနိုင် ခဲ့တယ်လို့ ဆိုပါတယ်။ အုပ်စု ဂိုဏ်းဂဏ ပြဿနာတွေ မရှိဘူး တော့ မဟုတ်ပါဘူး။ ဒါတွေကိုလည်း စီမံနိုင်ခဲ့ ကြတယ်။ တခါတလေမှာ တန်ဖိုးကြီးကြီးပေး ရတဲ့အထိ ဖြစ်ရပေမယ့်၊ အဖွဲ့အစည်း သဘော၊ တပ်မတော်တခု လုံးရဲ့ ညီညွတ်မှုကို ထိန်းနိုင်ခဲ့တယ်လို့ မောင်အောင်မျိုးက ဆိုပါတယ်။

ဒီလို လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ကိစ္စအများအပြား လုပ်ဆောင်ခဲ့ရပါတယ်။ ၁၉၆ဝ ခုနှစ်များက စပြီး ရုံးတာဝန် နောက်တန်း မှာ နေရတဲ့ အရာရှိတွေနဲ့ စစ်မြေပြင်ဆင်းရတဲ့ အရာရှိတွေကြား ပြဿနာကို မူတခုချလို့ ရှင်းနိုင်ခဲ့ ပါတယ်။ ရှေ့တန်း မထွက်ဖူးတဲ့ အရာရှိဟာ ရာထူးကြီးကြီးတက်ဖို့ မဖြစ်နိုင်ဘူး ဖြစ်လာပါတယ်။ ဗိုလ်မှူးကြီး အဆင့်ထိတောင် မတက်နိုင် တော့ပါဘူး။ ဒါ့အပြင် စစ်ဦးစီးတာဝန်ယူဖူးသူမှသာပဲ ရာထူးကြီးကြီးနေရာကို ရောက်ပါတယ်။ တပ်ရေး-တပ်ထောက် စသဖြင့်ဌာနတွေကဆိုရင် အဆင့်မြင့်ရာထူးတွေယူရတာ ရှားရှားပါးပါး လို့ ဆိုနိုင်ပါတယ်။ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စသဖြင့်နေရာတွေမှာလည်း တိုက်ခိုက်ရေးကတက်လာတဲ့ အရာရှိတွေနဲ့ အစားထိုးခဲ့ပါတယ်။

ဒုတိယအချက်ကတော့ စစ်တပ်ထဲမှာ နိုင်ငံခြားထောက်လှမ်းရေး၊ အစိုးရတွေက ထိုးဖောက်မှုကို အမြဲပဲ သတိ ကြီးကြီး ထား ကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြတ်လာတဲ့ သမိုင်းတလျောက်မှာ နိုင်ငံခြားမှာ စစ်သံမှူးတာဝန် ပေးပြီးမှ တပ်မတော်အတွင်း ရာထူးနေရာကြီးကြီး ပြန်ခန့်ထားခဲ့တာ ချွင်းချက်အနေနဲ့ ဗိုလ်ချုပ်ကြီးချစ်ဆွေနဲ့ ဗိုလ်မှူးကြီး ဝင်းဇော် ညွန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ချစ်ဆွေက ဆိုဗီယက်ရုရှား စစ်သံမှူး၊ ဗမက ဝင်းဇော်ညွန့်က တိုကျိုစစ်သံမှူး ခန့်ခဲ့ပြီး၊ နောက်ပိုင်းမှာ တပ်မ-၇၇၊ ၉၉ တွေမှာ အသီးသီး နေရာပြန်ချထားခဲ့ ပါတယ်။ ပြောရရင် ဒီလိုနေရာပြန်မပေး ခံရတာဟာ နိုင်ငံခြားသြဇာကို စိုးရိမ်လို့ ကာကွယ်နိုင်အောင်ပဲ ဖြစ်ပါ လိမ့်မယ်။

တတိယအချက်ကတော့ တပ်မတော်အတွင်း အုပ်စုဖွဲ့မှုတွေကိုလည်း အထူးသတိထား နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။ အုပ်စု လိုက် ထုတ်ပစ်တာ၊ အနားယူစေတာလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ဒီလို ရှင်းလင်းပစ်ခဲ့တဲ့ အကြိမ်တွေကိုလည်း မောင်အောင်မျိုးက မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

နောက်တချက်ကတော့ ပြင်ပက၊ အထူးသဖြင့် ကွန်မြူနစ်တွေရဲ့ သြဇာဝင်လာမှာ စိုးရိမ်တဲ့အတွက် တပ် မတော်အတွင်း နိုင်ငံရေးအယူအဆသွတ်သင်းမှု လုပ်လာတဲ့နည်းအားဖြင့် ကာကွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော် ကိုယ်၌က ဖော်ပြထားတဲ့သမိုင်းအရ အဲဒီအယူအဆ ဖွံ့ဖြိုးလာပုံက ၈- ဆင့်ရှိတယ်ဆိုပါ တယ်။ အရင် အဆင့်နိမ့်တဲ့ ကာကွယ်ရေးတာဝန် သက်သက်ကနေ၊ ခေတ်ပြောင်းတော်လှန်ရေးတရပ်ကို ဦးဆောင်ဆင်နွှဲနေတဲ့ တပ်မတော်တခုအဖြစ် အယူဝါဒ သွတ်သွင်း ခဲ့ကြတာပါ။ ဒီအယူအဆကလည်း လက်ဝဲ ဖက်ယိမ်းပြီး၊ နောက်ပိုင်းမှာ တပ်မတော်ကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်မှုကို ခံယူတဲ့တပ် ဖြစ်လာခဲ့ရပါတယ်။

တချိန်က အင်အားချိနဲ့တဲ့၊ သေးငယ်တဲ့၊ မညီမညွတ်ရှိလှတဲ့ တပ်ဖွဲ့တခုကနေ နှိုင်းယှဉ်ချက် အရပြောရမယ် ဆိုရင် အင်အား အတန်ကြီးတဲ့၊ အတော်အတန်စည်းလုံးညီညွတ်မှု ရှိနေတဲ့၊ ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာပါ လွှမ်းမိုးချယ်လှယ်နေတဲ့ မြန်မာ့ တပ်မတော် ဖြစ်ထွန်းလာပုံကို မောင်အောင်မျိုးက စာအုပ်နောက်တခန်းမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ နောက် တပတ် မှာတော့ ဒီအက်စ်အေ-အိုတီအက်အက်စ် စတဲ့ အရာရှိ သင်တန်း ကွဲပြားပုံတွေအရ ဘယ်သူတွေက ပိုနေရာရ သလဲ၊ ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးတပ်တွေကြား အားပြိုင်မှု စတာတွေ ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Read More...

 
/* EOT ----------------------------------------- */